Tuesday, April 12, 2016

သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေဂါထာတော်ကြီး..
################

သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။

ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းသည် သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ အသွင်သဏ္ဍာန်ခြင်း တူညီနေပါသည်။
သို့သော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ထူးခြားချက်မှာ အနှိုင်းမဲ့မြတ်ဗုဒ္ဓ တဆူတည်းကို ပူဇော်ထားခြင်းမဟုတ်၊၊ ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ပွင့်လေကုန်ပြီးသည့် မြတ်ဗုဒ္ဓအပေါင်းကို ပူဇော်ထားသော ဂါထာ (ဝါ) ဘုရားရှိခိုးကြီး ဖြစ်သည်။

ထို့အပြင် ထိုအနှိုင်းမဲ့ဘုရားရှင်များ ဟောကြားတော်မူခဲ့သည့် တရားတော်မြတ်အပေါင်းတို့အား၎င်း၊ ထိုမြတ်ဘုရားသခင်တို့၏ တပည့်သားသာဝက ရဟန္တာ၊ သံဃာတော်မြတ်အပေါင်းတို့အား၎င်း၊ ရိုသေလှစွာ ရှိခိုးပူဇော်ကန်တော့သော ဘုရားရှိခိုးဂါထာတော်ကြီး ဖြစ်ပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် တန်ခိုးထက်မြက်လှ၏။ အန္တရာယ်ဆိုးအမျိုးမျိုးမှ ကင်းလွတ်ကြ၏။ အသတ်ခံရမည့်ဘေးဆိုး အဖုံဖုံမှ လွတ်မြောက်ကြ၏၊ ရောဂါဆိုးအထွေထွေမှ ကင်းလွတ်ကြ၏။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် မြန်မာနိုင်ငံဝယ် ထင်ရှားကျော်စော ဂုဏ်သတင်း သင်းပျံ့ပြီး ဗုဒ္ဓဘာသာဝင်များ နှုတ်ဖျားဝယ် သီကျူးပူဇော်နေကြခြင်း ဖြစ်၏။
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကို ပြန်လည် စိစစ်ခြင်း---
အနှိုင်းမဲ့ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘဝက ဘုရားဆုကို စိတ်ကူးခဲ့သည်မှာ ၇-သေင်္ချတိုင် ကြာခဲ့ခြင်း၊
နှုတ်ဖြင့် မြွက်၍ တောင်းဆိုခဲ့သည်မှာ ၉-သင်္ချေ တိုင်တိုင် ကြာခဲ့၏။ 
စိတ်ရောနှုတ်ပါ တောင်းဆိုခဲ့သည်မှာ ၄-သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ကြာခဲ့၏။
ပေါင်း အသင်္ချေ ၂၀-နှင့် ကမ္ဘာတသိန်းဖြစ်ပါသည်။

ဤတွင် ၄-သေင်္ချနှင့် ကမ္ဘာတသိန်းအတွင်း၌ တဏှင်္ကရာဘုရားမှစ၍ ဘုရားပေါင်း ၂၈-ဆူ ပွင့်တော်မူခဲ့ကြ။ ထို ၄-သင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ပွင့်တော်မူကြသော ဘုရားရှင်တို့ကို ရည်စူး၍ ဘုရားရှိခိုးကြောင်းကို သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ-ပါဠိဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့အား စတင်ပူဇော်ကြောင်း ဖော်ပြသည်။

စိတ်ကူးဖြင့် ဆုတောင်းခဲ့သော ၇-သင်္ချေနှင့် နှုတ်မြွက်ဆို၍ ဆုတောင်းခဲ့သော ၉-အသင်္ချေတို့ကို ပေါင်းသော် ၁၆-အသင်္ချေဖြစ်၏။ ထို ၁၆-သင်္ချေအတွင်း၌ ဗြဟ္မာဒေဝဘုရားမှစ၍ ဘုရားပေါင်း (၅၁၂၀၀၀) (ငါးသိန်းတသောင်းနှစ်ထောင်) ပွင့်တော်မူခဲ့ကြလေသည်။

ထို ၁၆-သင်္ချေအတွင်း ပွင့်တော်မူကြသော ဘုရားရှင်အပေါင်းကို ရည်စူး၍ ရှိခိုးပူဇော်ကြောင်းကို 
သမ္ဗုဒ္ဓေ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
ပါဠိဖြင့် ဖော်ပြထားသည်။

တဖန်-
ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတသဟဿာနိ၊ သမ္ဗုဒ္ဓေ စ သိရသာမဟံ နမာမိ-ငါးသိန်းတသောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် တပည့်တော်ရှိခိုးပါ၏-ဟု ဖွင့်ဆိုထားသည်။

တဖန်-
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ-ဟူသော နှစ်ပါဒသည် နှဲကြိုးဆရာတော်ကြီးနှင့် လယ်တီဆရာတော်ကြီးများခေတ်တွင် အဆိုပါနှစ်ပါဒ မပါရှိပေ။ နှောင်းခေတ်မှ ပါရှိလာခဲ့သည်။
ထိုနှစ်ပါဒမပါလျှင် အသင်္ချေ ၂၀-အတွင်း ပွင့်တော်မူခဲ့ကြသော ဘုရားရှင်တို့ကိုသာ ရှိခိုးသောဂါထာဟု မှတ်သားပြီး ထိုနှစ်ပါဒပါလျှင် အသင်္ချေ ၂၀-၏ ဟိုဘက်မှာ ပွင့်တော်မူခဲ့ကြသော ပေါရာဏဂေါတမ အစရှိသော ဘုရားရှင်အပေါင်းတို့ကို ရှိခိုးပူဇော်သောဂါထာဟု ဖွင့်ဆိုထားပါသည်။

တဖန်--
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ-
ဟူသောနှစ်ပါဒဖြင့် ထိုဘုရားအပေါင်းတို့၏ တရားတော်ဆယ်ပါးနှင့် ရှစ်ပါးသော အရိယာသံဃာတော်မြတ် အပေါင်းကိုလည်း ရိုသေစွာရှိခိုးပါ၏ဟူ၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ မြတ်ဗုဒ္ဓအပေါင်းတို့အား ပူဇော်ကန်တော့ခြင်း၊ ထိုဘုရားရှင်အပေါင်းတို့၏ တရားတော်မြတ်အပေါင်းတို့အား ရှိခိုးခြင်း၊ ထိုဘုရားရှင်အပေါင်းတို့၏ တပည့်သာဝက ရဟန္တာမြတ်အပေါင်းတို့အား ရှိခိုးခြင်း စသော ရတနာမြတ်သုံးပါးတို့အား ရှိခိုးပူဇော်သောဂါထာဖြစ်ပါသည်။

ထို့ကြောင့် ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးမှာ နှောင်းခေတ်မှ ပေါ်လာသော်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်း အရိုအသေ၊ အလေးအမြတ်ထားကာ ပူဇော်ကြသည်။
ထို့ကြောင့်ပင် ကျိုက်လတ်မြို့နေ ပစ္ဆိမာရုံဆရာတော်ဘုရားကြီးက ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးသည်
လောကီ, လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ပေးစွမ်းနိုင်သည်ဟု မိန့်ဆိုထားခြင်းဖြစ်သည်။

(သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုး ပါဌ်-အနက်)

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

အဋ္ဌဝီသံ-သုံးပါးဘဝ, သုံးလောကတွင်, ဉာဏရောင်ဖိတ်, အောင်ဘိသိက်နှင့်, နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ-တန်ဆောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာပွင့်လင်း, တရားမင်းတို့ကို၎င်း၊ 
ဒွါဒသဉ္စ သဟဿကေ-နိဗ္ဗာန်ကိန်းအောင်း, စက်မွေ့လျောင်းသည့်, တသောင်းနှစ်ထောင်ကုန်သော၊
သမ္ဗုဒ္ဓေ စ-လရောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာလင်းပြောင်, မြတ်ဘုန်းခေါင်တို့ကို၎င်း၊
ပဉ္စသတသဟဿာနိ-သောင်းတိုက်စကြာဝဠာ, ဂုဏ်ဝါရှောင်ရှိန်း, ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေ စ-နေရောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာလင်းထိန်, မြတ်မုနိန်တို့ကို၎င်း၊ 
အဟံ-အကျွန်ုပ်သည်၊ သိရသာ-ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ-ရိုသေညွတ်ကျိုး, လက်အုပ်မိုး၍, ရှိခိုးပါ၏။

ဂင်္ဂါ-ဂင်္ဂါယ-ဂင်္ဂါမြစ်အတွင်း၌၊ ဝါဠုကာ-ရှိကြကုန်သော သဲတို့သည်၊ အပ္ပကာ-နည်းကြကုန်သေး၏။ နိဗ္ဗုတာ-ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ-နှောင့်ယှက်ဖန်လာ, မာရ်ငါးဖြာကို, အရိယာမဂ်, ဘုန်းရောင်စက်ဖြင့်, ချိုးဖျက်လွယ်ကူ, အောင်တော်မူသော, ဘုရားရှင်အပေါင်းတို့ကား၊ အနန္တာ-သင်္ချာဂဏန်း, ရေတွက်မှန်းလည်း, ဆုံးခန်းတိုင်မြောက်, မရောက်နိုင်ကြကုန်၊ တေ ဇိနေ စ-ထိုဘုရားရှင် တို့ကို၎င်း၊ တေသံ-ထိုငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်, မရေတွက်နိုင်သော ဘုရားရှင်တို့၏၊ ဓမ္မဉ္စ-တရားတော်မြတ်ကို၎င်း၊ သံဃဉ္စ-တပည့်သားသံဃာတော်မြတ်ကို၎င်း၊ အဟံ-အကျွန်ုပ်သည်၊ အာဒရေန-အာဒရံ-ရိုသေစွာ၊ နမာမိ-ရှိခိုးပါ၏။

နမက္ကာရာနုဘာဝေန-ဤသို့ ရှိခိုးပူဇော်, ဖူးမြှော်မာန်လျှော့, ကန်တော့ရသော, ပဏာမကုသိုလ်,
စေတနာကြောင့်၊ သဗ္ဗေ-ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ-ဘေးရန်တို့ကို၊ ဟိတွာ-ပယ်ဖျောက်၍၊ အနေကာ အန္တရာ ယာပိ-တပါးမက, များလှသွယ်သွယ်, အန္တရာယ်တို့သည်လည်း၊ အသေသတော-အကြွင်းအကျန် မရှိသောအားဖြင့်၊ ဝိနဿန္တု-ပျောက်ပျက်ပါစေကုန်သတည်း။ 

No comments:

Post a Comment