ငါးတွေ သွားဖမ်းတာတော့မဟုတ်ပါ။ ဒီစကားလေးကိုသတိရလို့ ခေါင်းစီးတပ်ပြီး ဒီပို့စ်ကိုရေးလိုက်ရခြင်းသာ ဖြစ်ပါတယ်။
ငယ်ငယ်ကတည်းငါးဖမ်းဝါသနာပါခဲ့သူမို့
ငါးဖမ်းကြမယ်ဆိုရင်ဘဲ မနေတတ်၊ မထိုင်တတ်ဖြစ်နေဆဲပါဘဲ။ " ဆိုင်းသံ၊ ဗုံသံကြားရင် မနေနိုင်မထိုင်နိုင် ထပြီးကတတ်တဲ့ လူစားတွေလိုပေါ့ "။
စကားတွေ ဘေးထွက်ကုန်ပါပြီ။ ဒီလို အမြဲတမ်းပါဘဲ၊ တခုခုပြောတော့မယ်ဆိုရင် ဘယ်တော့မှလိုရင်းကို မရောက်ဘူး။ ရှည်ကို ရှည်တယ်... ပေရှည်တာကို ပြောပါတယ်။ ထားပါတော့ ထားပါတော့။
လွန်ခဲ့တဲ့(၂)ပတ်လောက်ကစပြီးတော့ ကျနော်တို့အလုပ်မှာ အလုပ်ချိန်အပြောင်းအလှဲယ်တွေ လုပ်ခဲ့ကြတယ်။ ပုံမှန်ဆို တနင်္လာနေ့ကနေ သောကြာနေ့ထိ၊ အခုဟာက တနင်္ဂနွေနေ့ကနေ ကြဿပတေးနေ့ထိ ဖြစ်သွားတာ။ တနင်္ဂနွေနေ့တွေမှာ အလုပ်မလုပ်ချင်လို့ လွန်ခဲ့တဲ့နှစ်အစလောက်ကနေ တခြားဌာနတစ်ခုကို ပြောင်းခဲ့တာ။ ကံကိုဘဲ ယိုးရမှာလားမသိတော့ပါဘူး၊ အခုလုပ်နေတဲ့ဌာနမှာ (၁)နှစ်လောက်ဘဲလုပ်ရပါသေးတယ် ဟော... အခုအချိန်တွေ၊ ရက်တွေပြောင်းကုန်ပြီ။
ဒါပေမယ့်ဘယ်တတ်နိုင်မှာလဲနော်... အခြေအနေကြည့်ပြီး မီးစင်ကြည့်ကရတာပေါ့။ ဒါမှမဟုတ် မနက်အလုပ်ချိန်ကိုပြောင်းရုံမှတပါး အခြားမရှိတော့ပါ။ ပြဿနာက လွန်ခဲ့တဲ့(၂)ပတ်ကမှ စတာပါ၊ အလုပ်ချိန်တွေပြောင်းပြီး အလုပ်ဆင်းကြတော့ အလုပ်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ကြဿပတေးနေ့ကို PTO(လစာမဲ့ ခွင့်ရက်)တဲ့။ ဒါမှမဟုတ် Vacation နဲ့ ချိန်းမလားတဲ့။ ကိုယ်ကလည်းဘယ်ရမလဲ၊ ကိုယ့်ရဲ့အားလပ်ရက်ကို အရှုံးဆုံး ဘယ်ခံမလဲ။ ဒါနဲ့ဘဲ PTO ယူလိုက်ရော။
နောက်တပတ်ကျပြန်တော့လည်း တခါကြားရပြန်ပြီ... PTO ယူမှာလားတဲ့၊ ဒီတခေါက်တော့ကိုယ်လည်း ခေါင်းကိုက်သွားတာပေါ့။
ပြီးခဲ့တဲ့အပတ်ကလည်း ယူထားပြီးပြီ၊ ဒီအပတ်ပါယူထားလိုက်ရင် ဝင်ငွေအခြေအနေမကောင်းတော့ဘူး။ ကိုယ်တို့မိသားစုမှာလည်း Payments တွေက ခပ်များများ။
ဒါနဲ့မျက်စိပိတ်ပြီး ပြောပလိုက်တယ် " Vacation " ယူတော့မယ်လို့... ပေါ့။
ဟော... ဒီတစ်ပတ်ကျပြန်တော့လည်း လာပြန်ပြီနောက်တမျိုး။ Qualify ဖြစ်တဲ့လူတွေက တစ်ခြားဌာနမှာ အလုပ်ဆင်းရမယ်၊ ကိုယ်တို့ဌာနက အလုပ်ပါးလို့ပါတဲ့။
ဒါကသက်သက်မဲ့ လုပ်ကြံခံရတာ၊
အရင် Supervisor တုန်းကဆို ဘာပြဿနာမှ မရှိခဲ့ဘူး။ အခုက တခြားဌာနကပြောင်းလာတဲ့ Supervisor က နည်းနည်းလောက်
ပါဝါပြချင်နေပုံရတယ်။
ဘယ်တတ်နိုင်မလဲနော်... နောက်ဆုံးတော့တခြားဌာနမှာ သွားလုပ်ရတာပေါ့။ မနေ့ညကလည်း အလုပ်ချိန်မပြည့်ဘူး၊ အလုပ်ချိန် (၇)နာရီလောက်ဘဲရတယ်။ ဒါနဲ့
ကိုယ်လည်းဘဲ Supervisor ကိုပြောပြီး
ကိုယ်တို့ဌာနမှာ ပြန်ပြီးသွားလုပ်မယ်ပြောတော့၊ အဲဒီကို သွားလုပ်လို့မရတော့ဘူး ဒီကပြီးတာနဲ့ အိမ်ကိုတန်းပြန်ရုံပါဘဲတဲ့။
ဪ... တော်တော်တရားကျဖို့ကောင်းလိုက်တာ ယူအက်စ်အေ။
" အသုံးလိုတော့ ပြုံးရွှင်နေတဲ့ သူ့မျက်နှာ၊ အသုံးမလိုတော့ရင်လည်း ခြွေရန်ယူတဲ့ သူ့လက်မှာ ငါဟာ... ပန်းကလေးတစ်ပွင့်လိုပါဘဲလား။ "
ကိုယ်ရေးခဲ့ဖူးတဲ့ ကဗျာလေးကိုသတိရသွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း " လာချင်အုံးဟဲ့... ယူအက်စ်အေ " လို့ ညည်းတွားရင်းနဲ့ ငါးမရတော့ရင်လည်း ရေချိုးပြီးတော့ ပြန်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ အလုပ်ပြီးတာနဲ့ အိမ်ကိုတန်းမပြန်တော့ဘဲ Gym Room ကိုသွားပြီး (၁၆၀)ကျော်နေပြီဖြစ်တဲ့ ဝတုတ်ပေါက်စလေးကို အဆီချဖို့မှတပါး တခြားနည်းလမ်းတွေလည်း မရှိတော့ဘူးလေကွယ်...။
No comments:
Post a Comment