Sunday, March 27, 2016

ရခိုင့်နိုင်ငံရေး...

(ဒီတစ်ပတ်ထုတ် ရခိုင့်အသံဂျာနယ်က ကျွန်တော့်ရဲ့ဆောင်းပါးလေးပါ.)

        ရခိုင့်ပုတ်သင်ညိုများနဲ့ နှစ်ပေါင်း ၂၃၀ သက်တန်းရင့် ပုံပြင်များ
    -------------------------------------------------------------------------------------------
                                    ရက္ခ
                                    ......
ဥပမာစကားပုံတွေထူပြောလှတဲ့ စာရေးသူတို့နိုင်ငံနဲ့ လူမျိုးတွေမှာ တစ်စုံတစ်ခုအကြောင်းဆိုရင် ခိုင်းနှိုင်းပြ စရာ ဥပမာစကားပုံတွေက များပြားလှပေရဲ့ ။ စကားပြောကောင်းပြီး အလုပ်မဖြစ်တဲ့သူကို ပုံပြောကောင်းသူ ၊ မျှော်လင့်ချက်တွေပေးလွန်းတဲ့သူကိုတော့ တစ်ထောင့်တစ်ညပုံပြောကောင်းသူ စသဖြင့် ဥပမာပေးခိုင်းနှိုင်းကြ တာမျိုးပေါ့ ။ ဒါပေမယ့်… ပုံပြောကောင်းသူတွေရဲ့ အာဘော်တွေထဲ အလိုက်သင့်စီးမျှောနေကြသူတွေကိုတော့ ဘယ်လို ဥပမာမျိုးပေးပြီးခိုင်းနှိုင်းရမလဲလို့ စာရေးသူက တွေးမိနေတယ် ။ ပုံပြင်တွေထဲက နိုးထဖို့ မေ့နေတဲ့သူ (ဒါမှမဟုတ်) ပုံပြင် နားထောင်ကောင်းကြသူများလို့ပဲ ခေါ်ရမလား ။ သို့လော..သို့လော ပေါ့  ။
                                                            ( တစ် )
                 ရခိုင်ပြည်ကြီးအချုပ်အခြာကျဆုံးခဲ့တာ လာမယ့် ဒီဇင်ဘာလထဲဆိုရင် နှစ်ပေါင်း ၂၃၀ တိုင်ခဲ့ ပါပြီ။ ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဘိုးတော်ဗဒုံမင်းရဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်အာဏာရှင်စနစ်လက်အောက်ကို ကျရောက်ခဲ့ရတာကအစ ခုချိန်တိုင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့ရဲ့ ကိုလိုနီသက်တမ်းတစ်ခုပဲ ဆိုပါတော့ ။ ကြား ထဲမှာ အင်္ဂလိပ်-ကိုလိုနီ ၊ ဖက်ဆစ်ဂျပန်-ကိုလိုနီစနစ်တွေက မြန်မာတစ်နိုင်ငံလုံးကို ကျွန်ဘ၀အဖြစ်သွပ်သွင်း မြည်းစမ်းခဲ့ကြတာကတော့  ခြွင်းချက်တစ်ခုပေါ့လေ ။ ပြောရရင် အင်္ဂလိပ် ၊ ဂျပန်တို့လက်အောက်က လွတ် မြောက်ဖို့ တိုင်းရင်းသားအားလုံးပဲ လွတ်လပ်ရေးကို အတူတကွလက်တွဲ တိုက်ယူခဲ့ကြတယ် ။ အသက် ၊ ချွေး ၊ သွေးပေါင်းများစွာနဲ့ရင်းခဲ့ကြရတဲ့ လွတ်လပ်ရေးဆိုတာကြီးကိုလည်း တကယ့်လက်တွေ့မှာ ရခဲ့ပါတယ် ။ ဒါပေ မယ့် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးဆိုတာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို ခုထက်ထိတိုင် မည်မည်ရရ စားသုံးခွင့် မရခဲ့တာကတော့ ကံဆိုးလွန်းတယ်လို့ပဲ ယိုးမယ်ဖွဲ့ရမလားပေါ့ ။ ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင့်ကိုလိုနီစနစ် ကနေ အရပ်သားအယောင်ပြအာဏာရှင်စနစ်တွေ ပြီးတော့ ယူနီဖောင်းဝတ် အာဏာရှင်စနစ်တွေလက်အောက် ကို တစ်ခေတ်ပြီးတစ်ခေတ် ဆွဲသွင်းကိုလိုနီပြုခံခဲ့ရတာ ခုချိန်ထိ နှစ်ပေါင်း ၂၃၀ ကြာခဲ့ပြီ ။ ငွေရတု ၊ ရွှေရတု ၊ စိန်ရတု စသဖြင့် တိုင်ခဲ့ပါပြီ ။ ကိုယ်ပိုင်-စာပေ ယဉ်ကျေးမှု ၊ ကိုယ်ပိုင်-ရိုးရာအနုပညာ ၊ ကိုယ်ပိုင်-မူဟန်တို့ကို ကိုယ်ပိုင်ပြဌာန်းချက်အောက်က တရားဝင်ကာကွယ်စောင့်ရှောက်ခွင့်မရခဲ့တဲ့ ရတုတွေ အလီလီပေါ့လေ ။ တ နည်းဆိုရရင်တော့ ပုံပြောကောင်းသူတွေလက်အောက်က တစ်ထောင့်တစ်ညပုံပြင်တွေနားထောင်ခဲ့ရတာ နှစ် ပေါင်း ၂၃၀ တိုင်ခဲ့ပါပြီ ။ ခုချိန်ထိ ရခိုင်ပြည်ကြီးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ တန်းတူညီမျှရေးဆို တာ ဇော်ဝင်းထွဋ်ရဲ့ သီချင်းလိုပဲ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး ။ ဓူဝံကြယ်စင် မြင်နေလည်းဝေး ။
                  တကယ်တော့ ကိုယ်ပိုင်ဓလေ့စရိုက်လက္ခဏာ ၊ ကိုယ်ပိုင် ထင်ရှားတင့်တယ်ခဲ့တဲ့ သမိုင်း ၊ ကိုယ် ပိုင်ရေမြေ တောတောင်သယံဇာတရှိတဲ့ လူမျိုးတစ်မျိုးဟာ ဒီလိုပဲ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်မရှိ ၊ ကိုယ်ပိုင် ပြဌာန်းခွင့်မရှိပဲ အခြားသော လူမျိုးတစ်မျိုးရဲ့အောက်မှာ သူများဓလေ့စရိုက် ယဉ်ကျေးမှုစာပေတို့နဲ့သာ နှစ် ပေါင်း ၂၃၀ ခန့်ခရီးဆက်ခဲ့ရခြင်းဟာ တကယ်ပဲ အံ့သြမင်သက်စရာကောင်းလှတယ် ။ မချိတင်ကဲ ဖြစ်စရာ ကောင်းလှတယ် ။ ပြိုင်ပွဲဝင်ရင် ကမ္ဘာ့ဂင်းနစ်စံချိန်တောင် ၀င်မလားပဲ ။ နောင်အနာဂတ်မှာလည်း ကိုယ့်ကိုယ် ကိုယ် ကိုယ်မပိုင်တဲ့ ဒီလိုပုံအတိုင်းသာ ဆက်လက်ထွက်ခွာရဦးမယ်ဆိုရင် ခက်ရချည်ရဲ့လေ ။ ရခိုင့်ခေါင်း ဆောင်တွေသာမက သိကြားမင်းတောင် မကယ်နိုင်တော့ပြီလား ။ အိုဘယ့် ..ရခိုင်ရယ် ။                                                                                      
                                                          ( နှစ် )
                ရခိုင်လူမျိုးတို့ဟာ ၁၇၈၅ ခုနှစ်ကနေ ၁၈၂၄ ခုနှစ်ထိ သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာ နေခဲ့ရ ဖူးတယ် ။ ၁၈၂၆ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၄ မှာ အင်္ဂလိပ်နဲ့ မြန်မာ(ဗမာ) ဘုရင်ကိုယ်စားလှယ်တို့ချုပ်ဆိုခဲ့တဲ့ ရန္တပို စာချုပ် (ကျွန်လက်လွှဲစာချုပ်) အရ အင်္ဂလိပ်တို့ လက်အောက်ကို အစောဆုံးကျရောက်ခဲ့တဲ့လူမျိုးအဖြစ် မြန်မာ နိုင်ငံမှာ စံချိန်တင်ခဲ့တယ် ။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း ရခိုင်လူမျိုးဆိုတာ ကိုယ်ပိုင်ပြည်နယ် ၊ ကိုယ် ပိုင်သမိုင်းနဲ့ စရိုက်လက္ခ ဏာမရှိတဲ့လူမျိုးအဖြစ် နောက်ထပ်စံချိန်တစ်ခုကို မြန်မာအစိုးရတို့က ရက်ရက်ရော ရောပေးအပ်ခဲ့ပြန်တယ် ။ ဒီလိုနဲ့ပဲ ရသစုံလင်လှတဲ့ ဖ.ဆ. ပ.လ ၊ မ.ဆ.လ ၊ န.၀.တ ၊ န. အ.ဖ စတဲ့ ပုံပြင် လေးတွေကို ရခိုင်သားများ နားထောင်ခဲ့ရတာ နှစ်ပေါင်း ၂၃၀ ကြာ ။ ရတုအဆက်ဆက် စံချိန်တွေအလီလီ ။
                 တကယ်တော့ စာရေးသူက ကိုလိုနီဘ၀လို့ သုံးနှုံးလိုက်တာဟာ စာရေးသူတို့ ရခိုင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေကို ကိုယ်တိုင်ကိုယ်ကျ လွတ်လွတ်လပ်လပ် စောင့်ရှောက်ထိန်းသိမ်းခွင့်မရခဲ့တာ တွေ ၊ ကိုယ့်ကံကြမ္မာကိုကိုယ် ရဲရဲဝံ့ဝံ့ စိတ်တိုင်းကျ မဖန်တီးနိုင်တာတွေရယ်ကို ပြောလိုရင်းပါ ။ အတိတ်ကိုပြန် တွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ အဓိကလူမျိုးကြီး ၈ မျိုးမှာ ကိုယ်ပိုင်စာပေ ၊ ကိုယ်ပိုင်ဓလေ့စရိုက်နဲ့ ကိုယ်ပိုင်သ မိုင်းများ ရှိနေပါလျှက်နဲ့ အဲဒါတွေကို ထိန်ချန်ဖျောက်ဖျက်ခံခဲ့ရတာတွေက ခုထိ အားကောင်းကောင်းနှင့် ခရီး နှင်နေဆဲ ။ ရုံးသုံးဘာသာက ဗမာ့လေသံနဲ့ဗမာစာ ( ရက္ခိုင့်အက္ခရာ) ၊ ကျောင်းသုံးသမိုင်းက ဗမာ့သမိုင်း ။ ထားပါတော့လေ ။ ဗမာ့ သမိုင်းကို အဓိက သင်ရိုးတစ်ခုအဖြစ်သင်တယ်ဆိုရင်တောင်မှ အခြားသောလူမျိုးတို့ရဲ့ တန်ဖိုးရှိတဲ့သမိုင်းတစ်ကွက်တလေလောက်ကိုတော့ အနည်းကျဉ်းထည့်သွင်းသင့်တာပေါ့လေ ။ ဒါပေမယ့် အ နော်ရထာ ၊ ကျန် စစ်သား ၊ အလောင်းဖုရား ၊ တပင်ရွှေထီး ၊ ဘုရင့်နောင် နဲ့ ပထမ ၊ ဒုတိယ ၊ တတိယမြန်မာ နိုင်ငံစသဖြင့် ဗမာ့ အထူးပြုဝါဒချဲ့သမိုင်းတွေကိုသာ တိုင်းရင်းသားအားလုံးက သင်ကြားနေရတာကတော့ ခက် တယ် ။ အင်္ဂလိပ် ခေတ်တုန်းက ကျောင်းတွေမှာ မြန်မာနိုင်ငံသားတွေက ဘာမဆိုင် ညာမဆိုင် ဂျော့ဘုရင်ကို ဂုဏ်ပြုရသလိုပဲ ခုချိန်ထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအားလုံးလည်း ဗမာဘုရင်ကိုချည်းပဲ ဘာမဆိုင်ညာ မဆိုင် ဂုဏ်ပြုနေ ကြရတာကတော့ ခက်လှချေရဲ့ပေါ့ ။ မလေးစားလို့မဟုတ်ပါဘူး ။ အပြန်အလှန်ဆိုတဲ့ သ ဘောလေး ရှိသင့်တာ ကို ဆိုလိုတာပါ ။ စာရေးသူတို့ ရခိုင်လူမျိုးတွေအဖြစ်က ပိုဆိုးပါတယ် ။ ဘယ်အချိန် ဘယ် တုန်းကမှ ပထမ ၊ ဒုတိယ ၊ တတိယမြန်မာနိုင်ငံမှာ ပါဝင်ခဲ့ခြင်းမရှိပါပဲ ဓည၀တီ ၊ ဝေသာလီ ၊ လေးမြို့ ၊ မြောက်ဦးတို့ရဲ့ ဘုရင် တွေကိုပဲ ဗမာမင်းတွေ စစ်နိုင်ခဲ့ကြသလိုလို ၊ ရခိုင်ပြည်ဆိုတာ ဗမာ့လက်အောက် ခံလိုလိုပြုလုပ်ထားကြတာက ဘာကိုရည်ရွယ်သလဲ တွေးချင်စရာ ။ သို့လော..သို့လော ပေါ့ ။
                 တကယ်တော့ ပြည်ထောင်စုဆိုတဲ့စကားဟာ ဘယ်လောက်အတိုင်းတာထိကျယ်ပြန့်သလဲ ။ ဘယ်လောက်ထိ အဓိပ္ပါယ်နက်နဲတဲ့စကားလုံးလဲဆိုတာကို အဲဒီစကားရဲ့ မူလဖန်ဆင်းရှင် မြန်မာ( ဗမာ) လူမျိုး အထက်တန်းလွှာ အာဏာရှင်များ သိကြပြီးသားပါ ။ ပြည်ထောင်စုထဲမှာလက်ရှိအကျုံးဝင်နေတဲ့ တိုင်းရင်းသား လူမျိုးကြီးတွေဟာလည်း ပြည်ထောင်စုရဲ့ ဘယ်လိုအဓိပ္ပါယ် ၊ ဘယ်လိုခံယူချက်နဲ့ ဘယ်လို အခွင့်ရေးတွေ ၊ ရပိုင်ခွင့်တွေကို သဘောတူလက်ခံခဲ့ကြလို့ ပြည်ထောင်စုဆိုတာကို ၀ိုင်းဝန်းတည်ဆောက်ခဲ့ကြသလဲ သိကြပြီး သားပါပဲ ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ တိုင်းရင်းသားတွေလက်ခံထားတဲ့ ၊ လိုလားတောင့်တတဲ့ တန်းတူ ညီမျှရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးတို့ဟာ ရေမှာအရုပ်ရေးသလိုပဲ ဖြစ်ခဲ့ရတာ ခုချိန်ထိ ။ အဲဒါတွေကို ထား လိုက်ပါဦး ။ တိုင်းရင်းသားလူမျိုးတို့ရဲ့သမိုင်းလေးတစ်ပုဒ်လောက် ၊ ဘုရင်တစ်ပါးလောက်ရဲ့ ဘိုင်အိုဂရပ်ဖီလေး ကိုတောင် ကျောင်းပြဌာန်းစာအုပ်ထဲမှာ ကုပ်ကပ်ပြီးတောင် ထည့်မသုံးခဲ့ကြတာမျိုးက ဘယ်လမ်းကို လှမ်းနေ သလဲဆိုတာ တွေးကြည့်ချင်စရာပါ ။ သမိုင်းပျောက်ရင် လူမျိုးပါပျောက်တာဆိုတော့ … သို့လော..သို့လော တွေးရတာပေါ့လေ ။ တကယ်တော့ ရခိုင်အပါဝင် တိုင်းရင်းသားလူမျိုးတွေဟာ ရှေးအစဉ်ဆက်ကတည်းက သမိုင်းတင့်တယ်ခဲ့မှုတွေကို ကိုယ်တိုင်ထုတ်ဖော်ပြသခွင့်၊ ဂုဏ်ယူမော်ကြွားခွင့်နဲ့ ကြားသိတတ်မြောက်ခွင့်မရ သင့်ကြပေဘူးလား ။
                                                  ( သုံး )
                မြန်မာနိုင်ငံမှာ ပျူလူမျိးတို့မြို့တော်မဟုတ်တဲ့ ရှေးဦးမြို့တော်ဟောင်းနေရာတွေ အများအပြား ရှိပါတယ် ။ ရှမ်း ၊ ကရင် ၊ ကချင် ၊ မွန် ၊ ရခိုင် ပြည်နယ်တွေမှာ ရှေးဦးသမိုင်းကြွင်းမြို့တော်ရာတွေနဲ့ အခြား သော သမိုင်းကြွင်းတွေ အများအပြား ရှိနေပါတယ် ။ ရခိုင်မှာဆိုရင် ဓည၀တီကအစ ၊ မြောက်ဦးအထိ ရခိုင့် သမိုင်းအထင်ကရတွေက နေရာအနှံ့ပြည့်နှက်လို့ ရှိနေတယ် ။ ရှေးက နိုင်ငံတကာသမိုင်းပညာရှင်တွေက လည်း ဒါတွေကို တိတိကျကျ မြေတိုင်းကွက်တွေနဲ့ သက်သေထူထားခဲ့ပြီးပြီ ။ ဒါပေမယ့် ဒါတွေကို ရခိုင်လူမျိုး ကိုယ်စားပြု သမိုင်းမှတ်တိုင်အဖြစ် ထိန်းသိမ်းခွင့် ၊ ဖော်ထုတ် ခွင့်မရှိခဲ့တာက ဆိုးဝါးလွန်းလှတယ် ။ အထူးသ ဖြင့် လေ့လာဖော်ထုတ်မှုမပေးနိုင်သေးရင်တောင် မပျက်စီးရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားရ မှာပါ ။ ခုတော့ အဲဒီလိုမဟုတ်ပဲ မြို့ဟောင်းနေရာတွေမှာ ရထားလမ်းတွေ ၊ ကားလမ်းတွေဖောက် ၊ ဘူတာရုံ တွေဆောက်နဲ့ လုပ်နေကြတာတွေဟာ ရခိုင့်သမိုင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးနေတယ်ဆိုတာ သိသာနေ သလိုပဲ ။ သေချာတာကတော့ ရထားမရှိရင် ကားနဲ့သွားလို့ ရပါတယ် ။ ကား မရှိရင် မော်တော် ဘုတ်နဲ့ ရေ ကြောင်းခရီးသွားလို့ ရပါတယ် ။ သမိုင်းကြွင်းတွေ ပျောက်သွားခဲ့ရင် ၊ ပျက်စီးသွားခဲ့ရင်တော့ အသစ်ပြန်လုပ် လို့မရဘူးဆိုတာပါပဲ ။ မြေကြီးသက်သေသမိုင်းကြွင်းတွေမှာ အန္တရာယ်ကို ရှောင်လွှဲနိုင်ဖို့လမ်းလွှဲမရှိတဲ့အ တွက် သူ့တည့်တည့်ကိုကျရင် ပျက်စီးရမှာကတော့ မြေကြီးလက်ခတ်မလွဲ ။ ရထားလမ်း ၊ ကားလမ်းနဲ့ ရခိုင် လူမျိုးတို့ရဲ့ မျိုးရိုးတင့်တယ်ခဲ့မှုပြယုတ် သမိုင်းကြွင်းတွေကို မက်လုံးပေးပြီး လဲလှယ်ပစ်နေကြတာလားလို့ပဲ မေးစရာရှိတော့တယ် ။ တစ်ခုရှိတာက တခြားနေရာလွတ်မရှိရင်တော့ တစ်မျိုးပေါ့လေ ။ ခုတော့..စာရေးသူတို့ ရဲ့ ရခိုင်ပြည်ကြီးက မြေပိုမြေလျှံတွေ ပေါမှပေါ ရှိနေပါလျှက်နဲ့များ ။
            ဒီနေ့ ကမ္ဘာ့နိုင်ငံတော်တော်များများဟာ တစ်ချိန်တုန်းက အင်အားကြီးနိုင်ငံတွေလက်အောက်ကို ( အထူးသဖြင့် အင်္ဂလိပ်လက်အောက်ကို ) ကျရောက်ခဲ့ဖူးကြပါတယ် ။ ကမ္ဘာစစ်ကြီးပြီးတော့ နိုင်ငံတိုင်းလိုလို လွတ်လပ်ရေးရခဲ့ကြတာမှာ တချို့နိုင်ငံတွေကတော့ အကြောင်းကြောင်းကြောင့် လွတ်လပ်ရေးမရပဲ  ကြွင်းကျန် နေခဲ့ပါသေးတယ် ။ ဥပမာ ဟောင်ကောင်တို့ဆိုရင် သူတစ်ပါးထိန်းချုပ်မှုအောက်ကလွတ်မြောက်ခဲ့တာ ၁၀ စုနှစ်တစ်ခုစွန်းရုံလေးပဲ ရှိပါသေးတယ် ။ ဒါပေမယ့် ဟောင်ကောင်ဟာ အဲဒီအတောတွင်းမှာ တရုတ်ထက်အ များကြီး တိုးတက်ပြောင်းလဲခဲ့တယ် ။ အာရှကျားလေးကောင်စာရင်းဝင်ခဲ့တယ် ။ ဒါပေမယ့် စီးပွားနည်းပညာ တိုးတက်တာက တိုးတက်တာပါ ။ ဟောင်ကောင်တို့ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့စရိုက် ၊ ဘာသာစကားတွေ လုံးဝ မညှိုးမှိန်ခဲ့ပါဘူး ။ ဒါဟာ သူတစ်ပါးထိန်းချုပ်မှုအောက်က ဟောင်ကောင်ရဲ့ တိုးတက်ပြောင်းလဲခဲ့မှုပါ ။ အပြုသ ဘော ( အပေါင်းလက္ခဏာ) ဆောင်ခဲ့ပါတယ် ။ စာရေးသူဆိုလိုတာကလည်း အဲဒီလိုပါပဲ ။ ဘယ်သူပဲ အာဏာရ ရ ( သမ္မတဖြစ်ဖြစ် ) ၊ အုပ်ချုပ်ခံပြည်သူတွေကို တစ်သားတည်းညီမျှတဲ့ အခွင့်ရေးနဲ့ လုပ်ပိုင်ခွင့်ရရှိစေသင့် တယ် ။ အထူးသဖြင့် မြန်မာနိုင်ငံထဲက လူမျိုးကြီးတွေဟာ ရှေးအစဉ်ဆက်ကတည်းက ရာဇ၀င်တင့်ခဲ့တဲ့ ထီး ပြိုင် ၊ နန်းပြိုင် ၊ စင်ပြိုင်လူမျိုးတွေဖြစ်ခဲ့ကြတာကြောင့်လည်း ပိုပြီးအရေးကြီးပါတယ် ။ လွတ်လပ်ရေးကာလက ရေပန်းစားခဲ့တဲ့စကားတစ်ခွန်းလို ရခိုင်တစ်ကျပ် ၊ ဗမာတစ်ကျပ် ဆိုသလိုပေါ့လေ ။ တန်းတူညီမျှမှုဆိုတာ အဲသ လို ဖြစ်သင့်တာပေါ့ ။ ဒီစကားလေးက ငွေကြေးအရေတွက်ကိုပြောတာရယ်မဟုတ်ပါဘူး ။ အလုံးစုံသော ရသင့် ရထိုက်တဲ့အခွင့်ရေးတွေကို ရည်ရွယ်တာပါ။ သာတူညီမျှမှုကို ရည်ရွယ်တာပါ။ ဘယ်သူကမှ ဘယ်သူ့ရဲ့အထက် မှာ အခွင့်ထူးခံအဖြစ်ရှိမနေပဲ မျှတမှုကို ပြဆိုတာပါ ။ ဒါပေမယ့် အဲဒီစကားက စကားသာဖြစ်ပါတယ် ။ လက် တွေ့မှာ  ရခိုင်က တစ်ကျပ်မှ မရပါပဲနဲ့ ရှိရင်းစွဲအမွေနှစ်တွေကို ထုခွဲရောင်းချပြီးတော့ ဗမာအတွက် တစ်ရာ လောက်စီပြန်ပြန်ပေးနေရတာကတော့ လွန်ပဲလွန်လွန်းပါတယ် ။ 
                                                ( လေး )
                  ခုတလောလည်း ရခိုင်မှာ လူမျိုးခြား ၀န်ကြီးနဲ့ အုပ်ချုပ်ခံနေရပြီး တွေးစရာတွေ သို့လော ..သို့ လော ရှိလာပြန်ပါတယ် ။ ရခိုင်လူထုတို့ရဲ့ နှလုံးသားအင်အားတစ်ခုဖြစ်တဲ့ ရခိုင့်အမျိုးသားပါတီ ANP နဲ့ ရခိုင့် ခေါင်းဆောင်တချို့ကလည်း အပြဲပြဲအရွဲရွဲတွေ ရှိနေကြတော့ ရခိုင်လူထုရဲ့ စိုးရိမ်မှုတွေ တော်တော်လေးကို များ နေရတယ် ။ ဒီရက်ပိုင်းအတွင်းထူးခြားတာက လူမှုကွန်ယက်တွေမှာ ရခိုင့်အမျိုးသားပါတီရဲ့ သံတွဲညီလာခံသ တင်း ပြီးတော့ အခု ရခိုင်ရိုးရာကျင်ပွဲကို မြန်မာနပမ်းပွဲဆိုပြီး သုံးနှုံးနေတာကို ရခိုင်လူထုက လုံးဝ မခံမရပ်နိုင် ဖြစ်နေကြတဲ့ သတင်းတွေပါပဲ ။ ကြးရသမျှ နားဝမှာ မသက်သာလှချေ ။ ဒီလိုမျိုးကိစ္စဟာ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ ။ ရခိုင်မှာ “ကျင် “ ဆိုတဲ့ စကားလုံးနဲ့ ဒီအားကစားဟာ သမိုင်းနဲ့ချီပြီး ရင့်ကျက်စွာ ထွန်းကား ဆင်းသက်လာခဲ့တဲ့ ကိုယ်ပိုင်အနုပညာ ဖြစ်တယ် ။ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျည်း ၃၃ လုံးလှေတော်သံမှာ ရခိုင်ဘုရင်ရဲ့ အမှုတော်ထမ်း အားကောင်းမောင်းသန် ကျင်သန်ကြီးများ( ကျင် ကစားရာတွင် ကျွမ်းကျင်သူ လူသန်ကြီး များ ) က တကောင်းသင်းတွဲသို့ လှေတော်ဖြင့်ခရီးထွက်ရာတွင် လှေလှော်ရသူများအဖြစ်ပါဝင် ကြကြောင်းကို ရေးစပ်ထားတာကို ထောက်ထားခြင်းအားဖြင့် ဝေသာလီခေတ်မတိုင်မီ ဓည၀တီခန့်မှာပင် ရခိုင် တို့ရဲ့ ကျင် ဆိုတဲ့စကားနဲ့ အနုပညာဟာ ပေါ်ပေါက်နေခဲ့ပြီး ဖြစ်ကြောင်းကို သဘောပေါက်ထားဖို့ လိုအပ်ပါ တယ် ။ ဒါဟာ ဘယ်လူမျိုး ၊ ဘယ်သူတွေရဲ့မူဟန်မှမဟုတ်တဲ့ ရခိုင့်ကိုယ်ပိုင်အနုပညာသာ ဖြစ်တယ် ။ ဒီလိုဖြစ် ရတာကလည်း တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အနုပညာယဉ်ကျေးမှုတွေကို အဆက်ဆက် ထိန်ချန်ပဖျောက်နေ ခဲ့ကြတဲ့ အကျိုးဆက်ကြောင့်သာ ဖြစ်တယ်လို့ ယူဆမိပါရဲ့ ။ ခုတော့ သတိချပ်ချိန်တန်ပါပြီလေ ။ ဒီလိုမှမဟုတ် ရင် ရခိုင့်သမိုင်းအမွေနှစ်တွေက စကားလုံးအဖြစ်ကပါ ပျောက်ကွယ်ပျက်စီးသွားနိုင်ပါတယ် ။ စိုးရိမ်စရာပဲ ဆိုပါ တော့လေ ။ 
                  အမှန်ကတော့ ဘယ်အရာမဆို အကြောင်းခံနဲ့ပြုလုပ်သူနှစ်ခု တိုက်ဆိုင်မှသာ ဖြစ်ပေါ်လာခဲ့ရ တာပါ ။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းနဲ့ အသံမမြည်ဘူးဆိုသလိုမျိုးပေါ့လေ ။ ရခိုင့်အရေးကိစ္စတိုင်းမှာလည်း ရခိုင်လူထုရဲ့အားကိုးယုံကြည်မှုကို ရယူထားတဲ့ ရခိုင့်ခေါင်းဆောင်တွေဘက်က လူထုမျှော်လင့်သလောက် တုံ့ ပြန်ပေးမှု မရှိကြတာကို တွေ့ရပါတယ် ။ ရခိုင်ပြည်ရဲ့ ဖက်ဒရေ ၊ ရခိုင်ပြည်ရဲ့ တန်းတူညီမျှရေး ၊ ရခိုင်လူမျိုးတို့ရဲ့ မွေးရာပါ သြဇာ ၊ ရခိုင့်သမိုင်း ၊ ရခိုင့်ရှေးဟောင်း အမွေနှစ် ၊ ရခိုင့် စာပေယဉ်ကျေးမှု ၊ ရခိုင့်ရိုးရာ ဓလေ့စရိုက်စ  တဲ့ အရာတွေကို သိဒ္ဒိတင်ကြတဲ့ ရခိုင့်ခေါင်းဆောင်တွေက ယုံကြည်မှု ၊ သတ္တိနဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်မြင့် မားဖို့ လိုပါတယ် ။ နိုင်ငံရေးနဲ့ပတ်သက်ရင်လည်း ရခိုင့်နိုင်ငံရေးဟာ Road Map နိုင်ငံရေးအဆင့်သာ ဖြစ် တယ် ။ မိမိကိုယ်တိုင်ခံယူချက်နဲ့ချပြတဲ့ဥပဒေ ၊ ဆွဲနွေးမှုတို့မရှိပဲ နောက်လိုက်နိုင်ငံရေးအဆင့်နဲ့သာ ခရီး ဆက်နေကြတာကို တွေ့ရတယ် ။ ရခိုင်က ဦးဆောင်ပြီးတင်ပြတာတို့ ၊ ရေးဆွဲပေးရတာတို့ တစ်ခါမှ မရှိခဲ့ပါ ဘူး ။ ဒါကြောင့်လည်း ရခိုင့်နိုင်ငံရေးဟာ မြန်မာနိုင်ငံမှာ ကျန်တဲ့လူမျိုးတွေထက် အမြဲတမ်း နောက်ကျကျန်နေ ရစ်ခဲ့တာမျိုး (သို့မဟုတ်) သူများတွေရေးဆွဲတင်ပြထားတာတွေကိုပဲ ထောက်ခံ ၊ ပယ်ချလုပ်ရတာမျိုး ၊ မဖြစ်မ နေလုပ်ရတော့မယ့်ကိစ္စမျိုးကို ကျောသပ်ချေားမော့နှစ်သိမ့်စကားလုံးတွေနဲ့ လျှော်ပေးလိုက်ရတာမျိုးတွေက မဆန်းတော့သလိုပါပဲ ။ ဒီတစ်ကြိမ်မှာလည်း ကြီးလေးကြီး နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲမှာ ရခိုင့်နိုင်ငံရေးခေါင်း ဆောင်များ ၊ ပါတီခေါင်းဆောင်များ လုံးဝ ပါဝင်ခဲ့ခြင်း မရှိခဲ့တာတွေ့ရတယ် ။ ဒါဟာ ရခိုင့်နိုင်ငံရေးခေါင်းဆောင် တွေကို မြန်မာနိုင်ငံရေးလမ်းစဉ်အတွက် ဘယ်လိုသဘောထားသလဲဆိုတာ ပြသလိုက်သလိုပါပဲ ။ ဒီလိုပုံစံ အတိုင်နဲ့များ ဘယ်လိုလုပ်ပြီး တစ်ထောင့်တစ်ညအိမ်မက်တွေထဲက ရခိုင့် ခေါင်းဆောင်တွေ နိုးထနိုင်ပါ့မလဲ ။ ရခိုင်ပြည်ကြီး နိုးထခွင့်ရပါ့မလဲ ။ ရခိုင်လူမျိုးတွေ သူများနဲ့တန်းတူ အခွင့်ရေး ဘယ်တော့ ရကြမလဲ ။ ငုပ်ချိုး နေရတဲ့ ရခိုင့်သမိုင်းကြောင်းတွေ ဘယ်တော့ ပြန်လည်တင့်တယ်လာနိုင်ပါ့မလဲ ။ နှစ်ပါင်း ၂၃၀ ရှိလာပြီဖြစ်တဲ့ သက်တမ်းရင့် တစ်ထောင့်တစ်ညပုံပြင်ကို နားရည်ဝနေအောင်နားထောင်ကောင်းကြသူ ရခိုင့်ခေါင်းဆောင်များ ပြုပြင်သင့်တာလေးတွေကို မရှက်မကြောက် ပြုပြင်ရန်သင့်ပါပြီ ။ ရခိုင်လူမျိုးနဲ့ ရခိုင့်ဂုဏ်ဒြပ်တွေ ရခိုင့်ခေါင်း ဆောင်တွေကိုအားကိုးရင်း လုံးပါးပါး ပျက်စီးသွားရအောင်တော့ မလုပ်ကြပါနဲ့…လို့…သာ ။။
...........
ရက္ခ 

No comments:

Post a Comment