Thursday, January 7, 2016

နှစ်သက်မိသော ကဗျာများ...

• • • နှစ်သစ်ဆုတောင်း • • •

အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်း၍

တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။

စိတ်ဓာတ်သေးနုပ်၊ ဉာဏ်သေးနုပ်၍

ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။

တို့အချင်းချင်း၊ ခေါင်းထက်နင်း၍

သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်

ပုတ်ခတ်ကျသည့်ဘဝမှ လွတ်ပါစေ။

သူကမမှန်၊ ငါကမှန်ဟု

တစ်ယူသန်စွဲ၊ စိတ်သေးဖွဲနှင့်

ငရဲဘဝမှလည်း လွတ်ပါစေ။

သူ့ဂုဏ်ကိုချ၊ ကိုယ့်ဂုဏ်ပြကာ

မာနစကား တဖွားဖွားနှင့်

အမှားကမ္ဘာမှလည်း လွတ်ပါစေ။

မကောင်းမှုခင်၊ ကောင်းမှုကြဉ်သည့်

ဉာဉ်ဆိုးဉာဉ်မိုက်၊ မီးပုံမြှိုက်၍

ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။

နှစ်သစ်မြတ်ဆု၊ ဤကောင်းမှုကြောင့်

သာဓု သာဓု ခေါ်စေသော်။      ။

                    
              တင်မိုး
           ၁၇ - ၄ - ၉၁

No comments:

Post a Comment