Friday, January 22, 2016

ANP အား အလေးပြုမိခြင်း...

ရခိုင်အမျိုးသားပါတီအား အလေးပြုမိခြင်း
-----------------------------------
၂၀၁၆ ခုနှစ် နှစ်ဦးပိုင်း ဒီမိုကရေစီလေပြေဦးတို့သည် ရင်တထိတ်ထိတ်ဖြင့် ရွေ့လျားနေစဉ် တည်ငြိမ်နေသာ ရေမျက်နှာပြင်ထက်သို့ ဒီမိုကရေစီ၏ ရေအတိမ်အနက်ကို သိဖို့ ၁/၂၀၁၆ ကြေငြာချက်ကို ပစ်ချလိုက်သည်။ ဒီမိုကရေစီရေပြင်ကြီးတခုလုံး ဗြောင်းဆန်ထသွားသည်။ မျက်နှာဖုံးစွပ်ထားသည့် အရုပ်သဏ္ဍာန်များကို တစ်ချပ်ချင်း တစ်ချပ်ချင်း ကွာကျလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။ ဒီမိုကရေစီဟု တွင်းတွင်းကျယ်ကျယ်ပြောဆိုနေကြသော်လည်း လက်တွေ့တွင် အာဏာရှင်တို့၏ အငွေ့အသက်ကို ရှုရှိုက်ခွင့်ရလိုက်သည်။ “သူတို့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ဖို့ မရှိ”ဆိုသည့် အချက်နှင့် “နိုင်သူ အကုန်စား”ဆိုသည့် အချက်နှစ်ချက်တို့သည် တပြိုင်တည်း ထွက်ပေါ်သွားခဲ့သည်။ ၁၉၈၈ ခုနှစ်ကတည်းက အသံကောင်းဟစ်ခဲ့သည့် “ဒီမိုကရေစီ၊ တန်းတူရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ရေး”စသည် စသဖြင့်တို့သည် ၁/၂၀၁၆ ဆိုသည့် ကြေငြာချက်တစ်စောင်ကြောင့် ယိုင်လဲချိနဲသွားခဲ့သည်။ အကြောင်းပြချက်များက အများအပြား “ခုမှ အသွင်းကူးပြောင်းစရှိသေးတယ်။ ဒီလောက်ထိ တောင်းဆိုစရာမလိုဘူး” “ငါတို့ကပဲ အစိုးရအဖွဲ့ကို ဖွဲ့သွားမယ်” “၂၀၁၀ ခုနှစ်တုန်း အနိုင်ရတုန်းက အတိုက်အခံမလုပ်ဘဲ အခုမှ လုပ်မယ်ဆိုတော့ ဘာသဘောလဲ” စသဖြင့် စကားလုံးများ၊ စွပ်စွဲချက်များက အမျိုးမျိုး။ သူတို့ကို ကြည့်လိုက်လျှင် သနားစရာပင်။ 

ဟုတ်ပြီ။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံတော်ကြီး၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်ဆိုပြီး နှစ်ခုရှိသည်။ ပြည်ထောင်စုလွှတ်တော်သည် တစ်နိုင်ငံလုံးအတိုင်းအတာရ ဗဟိုဌာန ချက်မဖြစ်သည်။ ပြည်နယ်/တိုင်းလွှတ်တော်သည် ပြည်နယ်သာဖြစ်သည်။ ၁၉၉၀ ခုနှစ်ကတည်းက အသံကောင်းဟစ်လာခဲ့သည် “ဒုတိယ ပင်လုံ”ဆိုသည့် စကားရပ်ကို ထား၊ မိမိတို့ပြည်နယ်ကလေးတိုးတက်ဖို့အတွက် ပြည်နယ်လွှတ်တော်မှ လုပ်ပိုင်ခွင့်ကလေးတစ်ခုသာဖြစ်သည့် ပြည်နယ်အစိုးရဖွဲ့ခွင့်ကိုတောင် ခွင့်မပြုနိုင်ဆိုလျှင် “လူကြီးမင်းတို့၏ ဗဟိုချုပ်ကိုင်မှု လျော့ချရေး”နှင့် “တန်းတူရေး”ဆိုသည့် စကားရပ်ကို မည်သို့ အဓိပ္ပါယ်ဖွင့်ရမှန်း မသိပါ။ ပြည်နယ်ဝန်ကြီးချုပ်အဆင့်လောက်သည် ပြည်ထောင်စုဝန်ကြီးတစ်ပါး၏ ခြေဖ၀ါးအောက်တွင် ပါဝင်လာသည့် သဲမှုန့်တပွင့်မျှလောက်တောင် မရှိပေ။ ထိုအချက်ကိုပင် မလိုက်လျော့နိုင်လျှင် “လီမိုကရေစီ”အဆင့်မျှလောက်သာရှိမည်။ 

ဒီမိုကရေစီနိုင်ငံတိုင်းတွင် အနိုင်ရသည့် ပါတီသည် အစိုးရဖွဲ့သည်ဆိုလျှင် ဆုံးရှုံးခဲ့သည့် ပါတီတိုင်းသည် အတိုက်အခံဘက်တွင် ရပ်တည်ကြရသည်။ အတိုက်အခံရှိမှ တိုင်းပြုပြည်ပြုတွင် အမှားများကို ထောက်ပြဝေဖန်နိုင်သည်။ ရခိုင်အမျိုးသားပါတီသည် မြန်မာနိုင်ငံတွင် တတိယအနိုင်ရပါတီဖြစ်သည်။ လူမျိုးစုကိုအခြေခံထားသည့် ပြည်နယ်အဆင့်တွင် အနိုင်အရဆုံးပါတီဖြစ်သည်။ ပြည်နယ်အစိုးရဖွဲ့နိုင်လောက်အောင် တစ်နေရာသည် ကပ်လွဲခဲ့ရသည်။ အနိုင်ရပါတီတစ်ရပ်အနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရတစ်ရပ်ဖွဲ့ပြီး ဒေသဖွံ့ဖြိုးရေးကို လုပ်လိုကြသည်မှာ လွန်ရာမကျပေ။ ထို့ကြောင့် မိမိရလိုခြင်းအတွက် မိမိတောင်းဆိုတိုက်ပွဲဝင်ခြင်းကိုပင် အမြင်မကြည်လင်နိုင်လျှင် ဒီမိုကရေစီဟု ခေါင်းစဉ်တပ်စရာမလို။ “အာဏာရှင်”ဟု ရဲရဲကြီး ခေါင်းစဉ်တပ်ပေးလိုက်ပါ။ ဤသို့ဆိုလျှင် ခံရသူများဖက်က ဖြေသိမ့်နိုင်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးသန်းရွှေနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊  စစ်ဦးစီးချုပ် မင်းအောင်လှိုင်၊ သူရရွှေမန်းတို့နှင့် တွေ့ဆုံခြင်းတို့သည် အသွင်ကူးပြောင်းရေးအတွက် အလူးအလဲကြိုးစားနေရခြင်းကို လက်ခံနိုင်သည်။ သို့သော် ယနေ့အချိန်ထိ တိုင်းရင်းသားဒေသများမှ အနိုင်ရထားသည့် ပါတီကိုယ်စားပြုလူပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံမှုကို မတွေ့ရသေးပေ။ မြန်မာနိုင်ငံရေး၏ အကျပ်အတည်တွင် ဒေါ်အောင်ဆန်စုကြည်၏ တိုက်ပွဲဝင်စကားဖြစ်သည့် “ဒိုင်ယာလော (သို့) သုံးပွင့်ဆိုင်”ဆိုသည်မှာ အန်လွဲနေသည့် စကားတစ်လုံးဖြစ်နေသည်။ တိုင်းရင်းသား၊ စစ်တပ်၊ NLD ဆိုသည့် သုံးနားညီတွင် နှစ်နားသာ အလုပ်လုပ်နေကြပြီး ကျန်တစ်နားဖြစ်သည့် တိုင်းရင်းသားဆိုသည်မှာ မေ့ပျောက်ခံနှင့် အဖြည့်ခံများဖြစ်နေသလား...။ 

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီမှ ၂၃ ဦး၊ NLDမှ ၉ ဦး၊ ကြံ့ဖွတ်မှ ၃ ဦး၊ စစ်တပ်မှ ၁၂ ဦး။ အများဆုံး အနိုင်ရပါတီမှ ပြည်နယ်အစိုးရဖွဲ့ခွင့်တောင်းဆိုသည်မှာ လွန်အံ့မည် မထင်။ ရခိုင်အမျိုးသားပါတီအနေဖြင့် ပွင့်လင်းစွာ ၁/၂၀၁၆ ကြေငြာချက်ကို ထုတ်ပြန်ပြီး တံခါးဖွင့်ပေးလိုက်သည်။ မိမိတို့လိုအပ်ချက်ကို ပွင့်လင်းစွာ ချပြလိုက်သည်။ ဤသို့ ပွင့်လင်းစွာ ချပြချက်ကို အစွန်းရောက်သည်။ အာဏာလိုသည်။ အတိုက်အခံပြုသည်ဆိုလျှင် ဒီမိုကရေစီဆိုသည့် စကားလုံးကို စာလုံးပေါင်းပြီး ဖတ်ကြတော့ဟုသာ ဆိုချင်သည်။ NLD နှင့် ဒေါ်အောင်ဆန်စုကြည် မည်သို့ ခရီးဆက်သွာားမည်ကို စောင့်ကြည့်နေမိတော့သည်။ 

(မည့်သည့် ဂျာနယ်အတွက်မှ ရေးသားခြင်းမဟုတ်။ မိမိအမြင်ကို ချရေးလိုက်ခြင်းသာဖြစ်သည်။ သင်တို့၏ ဆဲတတ်ခြင်း အမြင်လောက်နှင့် လာရောက်ဆွေနွေးလျှင် ဒီမိုကရေစီစကားလုံးကို စာလုံးပေါင်းပြန်ဖတ်ကြည့်ပါ။ ဒီမိုကရေစီစကားလုံးအတွက်လည်း ၀မ်းနည်းမိမှာ အမှန်ပင်။ ရခိုင်အမျိုးသားပါတီ၏ ပွဲဦးထွက် လက်သီးကား အောင်မြင်ခြင်းနှင့် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုလိုပါသည်။ အကောင်းဆုံး ခံစစ်အတွက်သာ အမတ်မင်းများ အာဏာမမက်မိပါစေနှင့် ဆုတောင်းမိသည်။ )

ဝေဟင်အောင်
၂၃၊ ၁၊ ၂၀၁၆။ 

No comments:

Post a Comment