နှစ်ပေါင်းလီလီ၊ ကြာညောင်းသော်လည်း
ဘယ်သောခါမှ၊ မမေ့နိုင်ခဲ့...။
ငယ်ရွယ်စဉ်က၊ သွားတူ စားတူ
ကစားလည်း တူ၊ ရန်ဖြစ်လည်း သူ
သို့ပေမယ့်လည်း၊ အမြဲလက်တွဲ
တွယ်တာခဲ့တဲ့၊ သူငယ်ချင်းလေး...။
ကျောက်းသွားကျောင်းပြန်၊ တူယှဉ်တွဲကာ
ဗာဒံပင်ရိပ်၊ ကမ်းနားလမ်းထိပ်
အတူထိုင်လို့၊ ငြင်းကြခုန်ကြ
ရယ်မောရင်းနှင့်၊ ပျော်ရွှင်ခဲ့တဲ့
ကျောင်းတက်ကျောင်းဖော်၊ သူငယ်ချင်းလေး...။
ကျောင်းကြီးပြီးလို့၊ လမ်းခွဲကြလည်း
ငိုရင်း ဆွေးရင်း၊ နုတ်ဆက်ရင်းနှင့်
မိဘရင်ခွင်၊ ခိုဝင်လှုံကာ
စာလေးပါးလိုက်၊ ဖြေသိမ့်လိုက်ရင်း
သမုဒ္ဒရာ၊ ဝမ်းရေးအတွက်
လောကဇာတ်ခုံ၊ နယ်ပယ်သစ်မှာ
ရရာဇာတ်ရုပ်၊ ကခုန်ရင်းနဲ့
သောက မောဟ၊ လောဘ ဒေါသ
စွယ်စုံရေးကာ၊ ရင်ဖွင့်ကြသည်...။
တစ်နယ်တစ်ကျေး၊ အနေဝေးလည်း
မမေ့ပျောက်နိုင်၊ သက်ဆုံးထိတိုင်
ပျော်ရွှင်ခဲ့ကြ၊ ငယ်ဘဝများ
တွေးမိလေတိုင်း၊ ကြည်နှုးလိုက်နှင့်
ဖန်ဖန်ဆက်ဆက်၊ မမေ့နိုင်ပြီ
အဖြူရောင်မှ၊ သူငယ်ချင်းဆီ
ဒီကဗျာနှင့်၊ ရင်ဖွင့်မိသည်
ထပ်တူထပ်မျှ၊ ခံစားဖြေသိမ့်
ကျေနပ်နိုင်စေ၊ သူငယ်ချင်းရေ...။
" အဖြူရောင်သို့ လွမ်းချင်းတစ်ပုဒ် "
ခိုင် (စစ်တွေ)
နံနက် (၁၂:၀၅)၊ ဗုဒ္ဓဟူးနေ့
ဖေဖော်ဝါရီ ၅၊ ၂၀၀၃။
No comments:
Post a Comment