Friday, November 13, 2015

ဤခရီး နီးသလား... ???

#ဒါတွေကိုသင်သိသလား ?
************************
ကျနော်တို့ပြည်သူ့ပါတီ NLD-သည် ၇၅% နိုင်သည်ထားအုံး...

ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ကြေငြာမှု့သည် လည်းမပြီးသေး ..

 ပြီးသည့်တိုင်အောင်လည်းအတည်မဖြစ်သေးပါ ..

အဘယ်ကြောင့်ဆိုသော် ကော်မရှင်မှ အကုန်ကြေငြာပြီးနောက်တွင် အနိုင်ရသည့်ပါတီကိုယ်စားလှယ်အား ရှုံးနိမ့်သည့်ပါတီကိုယ်စားလှယ်မှ၂ပါတ်အတွင်းကန့်ကွက်လွှာတင်သွင်းခွင့် ရှိသော ကြောင့်ပင်ဖြစ်သည်။

အဆိုပါကန့်ကွက်လွှာအားတရားရုံးတွင်deposit ၅ သိန်း တင်ကာထုချေရှင်းလင်းရန် ၄၅ရက်အချိန်ပေးထားပြန်ပါသည်။ 

ထိုdeposit-၅သိန်းတင်ကာတရားရုံးတွင်ကန့်ကွက်သူသည်ရှုံးပါကတပြားမှပြန်မရတော့ချေ။

ထို့ကြောင့် ပထမ ၂ ပါတ် ၁၄ရက်နှင့် တရားရုံးအမှု့ဆိုင်ခြင်း ၄၅ ရက် ပေါင်းပါက ၅၉ ရက် ၂လနီးပါးစောင့်ရပေအုန်းမည် ။

ထို ၅၉ရက်အတွင်းမည်သည့်အကြောင်းပြချက်ဖြင့်အနိုင်ရNLDကိုယ်စားလှယ်ကိုရွေးကော်ဥက္ကဌ မှ ဖြုတ်ချအုန်းမည်မသိနိုင် သေး။

ရွေးကော်မှအကြောင်းပြချက်အမျိုးမျိုးဖြင့်ဖြုတ်ချပြီး ကျန်သည့် ကိုယ်စားလှယ်အားလုံးမှ လွှတ်တော်တွင်ကျမ်းကျိန်ကာတရားဝင်ပြန်တမ်းထွက်လာပြီး အစိုးရ ဖွဲ့နိုင်သည့် အမတ်အရေအတွက်အနည်းဆုံး ၃၃၃ဦး ပြည့်မှအစိုးရဖွဲ့နိုင်ပေလိမ့်မည်ဖြစ်သည်။

ထိုအချက်ကိုကောင်းစွာ သဘောပေါက်ထား
သောလူထုခေါင်းဆောင်မှ ( ကျ မ တို့ ၁၀၀%
နိုင်ချင်သည်)ဟုအမြဲပြောနေခြင်းပင်ဖြစ်သည်။

#ပြည်သူ့လွှတ်တော်တွင်မြို့နယ် ၃၃၀ ရှိ၍ အမတ်ဦးရေ ၃၃ဝ ဦးရှိရမည် ။ 

#အမျိုးသားလွှတ်တော်တွင်တိုင်းနဲ့ပြည်နယ် #၁၄ ခုရှိသောကြောင့် ၁၄ ကို ၁၂ နဲ့မြှောက်ထားသဖြင့် ၁၆၈ ဦးရှိကာ ၃၃၀+၁၆၈=၄၉၈ ဦးရှိရမည်။ 

#ထို၄၉၈ဦးသည်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပြီး ၇၅% ပင်ဖြစ်သည်။

စစ်တပ်မှ ၂၅% သည် ၁၆၆ ဦးပါဝင်သဖြင့်
ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ၆၆၄ဦး ရှိလေသည်။

ထိုပြည်ထောင်စုလွှတ်တော်ရှိစုစုပေါင်းအမတ်ဦးရေ ၆၆၄ ဦးအား ၄ ပုံ ပုံကာ ၄နှင့်စားပါက စစ်သားအမတ် ၁၆၆ ဦး ရသဖြင့် ထိုစစ်သားအမတ် များကို ၂၅% အစိတ်သား ဟုခေါ်ဆိုခြင်းပင်ဖြစ်လေသည်။

ထိုစုစုပေါင်း ၆၆၄ဦးကို တဝက်ခွဲပါက ၃၃၂ဦး
အဖြေထွက်သောကြောင့် ၃၃၂+၁= ၃၃၃ ဦးရေသည်အစိုးရဖွဲ့နိုင်သောအမတ်အရေအတွက်ဖြစ်သည်။

၎င်းအပြင်ရွေးကောက်ပွဲမကျင်းပနိုင်သေးသောနေရာ ၄၄ နေရာ ကျန်ရှိနေသေးသည်။

#အပျော်မလွန်ကြနဲ့အုန်း
******************
အနိုင်ရပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို
ပြည်တွင်း/ ပြည်ပသတင်းဌာနတွေက အင်တာဗျူးသည့်အခါမိမိပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှညွှန်ကြားထားသည့်အတိုင်းသတိဖြင့်ပြောဆိုနေထိုင်ရန်လွန်စွာအရေးကြီးသည့်အချိန်ဖြစ်သည်ကိုမမေ့သင့်လှပေ။

ယခု ရွေးကောက်ပွဲနိုင်ခြင်းသည် NLD- ပါတီ
ကိုယ်စားလှယ်ကို မဲ ပေးခြင်းမဟုတ်ပဲ ပါတီ
ခေါင်းဆောင် လူထုခေါင်းဆောင်ကို မဲပေးခြင်း
ဖြစ်သည်ကိုNLD- ကိုယ်စားလှယ်လောင်းများ
အားကျနော်သတိပေးလိုပါသည်။ 

အမေစုအားကြည်ညိုလေးစားချစ်ခင်သော
ပြည်သူလူထုအားလုံးမှလဲ အစိုးရမဖွဲ့မှီ ၃ လအတွင်းသတိဝိရိယဖြင့်ပြောဆိုနေထိုင်ရန်လည်းလိုအပ်ပါသည်။

 အမေစုခေါင်းဆောင်သောဒီမိုကရေစီအစိုးရတရပ်ပေါ်ထွန်းလာပြီးနောက်ပြည်သူလူထုအားလုံးသည်လည်းအလုပ်အကိုင်အခွင့်အလန်းများနှင့်တကွညီမျှသောဥပဒေအကာအကွယ်တို့ကို ရရှိခံစားရမည်မှာမလွဲဧကံဖြစ်သလို့
 ကျနော်တို့ပြည်သူလူထုကြီးမှလည်းဒီမိုကရေစီနိုင်ငံကြီးသားများပီသရန်ကျနော်တို့စိတ်သဏ္ဍာန်တွင်ရှိနေသောအကျင့်ဆိုးအကျင့်ပျက်တွေကိုပြုပြင်ရန်လဲ လိုအပ်ပါလိမ့်မည်။

Aung Kaung Htet

Tuesday, November 10, 2015

ခေါင်းဆောင်ကောင်း ဟူသည်...

ကောင်းကင်ထက် မြင့်သောစိတ်ထားများနှင့် ခေါင်းဆောင်ကောင်းတစ်ဦး၏ ပြောစကားများ  ==    အဲဒီစကားတွေထဲမှာ သင်ယူစရာတွေ ပါတယ်       လေ့လာစရာ ပါတယ်။ သင်္ခန်းစာယူစရာတွေ ပါတယ်။ ကျွန်တော်တို့ မထားနိုင်သေးတဲ့ စိတ်ထားတွေ ပါတယ်။----------------------------
ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း

Voice : ဆရာပြိုင်တဲ့ နေရာက မဲရလဒ် အခြေအနေ သိပါရစေ။

Dr.AM : မဲအရေအတွက်တော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်ရှုံးတယ်လို့ ကြားပါတယ်။ NLD (ဦးဘိုးနွဲ့) က နိုင်တယ်လို့ ကြားတယ်။ အသေးစိတ်တော့ ဘယ်သူက ဘယ်လောက်မဲ ရလဲတော့ ကျွန်တော် မသိသေးဘူး။ ကျွန်တော်က စစ်တွေမှာပါ။ NLD နိုင်သွားတယ်လို့တော့ သတင်းပို့ပါတယ်။

Voice : ဘာကြောင့် NLD နိုင်သွားတယ်လို့ ထင်ပါသလဲ။ ဒီရလဒ်ကိုရော ဆရာ လက်ခံပါသလား။

Dr.AM : လူထုက NLD ကို ပိုပြီးကြိုက်လို့ ဖြစ်မှာပေါ့။ လက်ခံရမှာပေါ့။ ကျွန်တော်တို့ စည်းရုံးခွင့် ရချိန်လည်း နည်းပါတယ်။ သဘောပေါက်အောင် တင်ပြဖို့လည်း သိပ်ကြာကြာမရခဲ့ဘူးလေ။ ကျွန်တော်တို့ကလည်း လူထုက သဘောပေါက်မယ်လို့ ပိုပြီးယူဆခဲ့ကြတာကိုး။ ကျွန်တော်တို့ ပေါ့ခဲ့တာလည်း ပါတာပေါ့။

Voice : စည်းရုံးခွင့်အချိန် ဘယ်လောက်ရခဲ့လဲ။

Dr.AM : စည်းရုံးခွင့် နှစ်ပတ်လောက် ရခဲ့ပါတယ်။ ပါတီဆိုင်းဘုတ် တင်တုန်းကတော့ တစ်ပတ်လောက် ရတာပေါ့။ တကယ့်ရက် ၆၀ မှာ (မဲဆွယ်ကာလ) နှစ်ပတ်လောက် ရပါတယ်။

Voice : လွှတ်တော်နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ခွင့်မရတော့ဘူး ဆိုတော့ ဆရာ ရှေ့ဆက်ပြီးတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

Dr.AM : အခြေအနေအရပဲ။ ကျွန်တော်ကလည်း ဒီအော်ပရေးရှင်း တစ်ခုလုံးကို တာဝန်ယူရတာကိုး။ ပါတီနိုင်ဖို့အတွက် ကျွန်တော့်မှာ တာဝန်ကြီးပါတယ်။ ပါတီနိုင်ခြင်း မနိုင်ခြင်းကတော့ လူထုကပဲ ဆုံးဖြတ်ရမှာပေါ့။ တချို့နိုင်သင့်တဲ့ နေရာတွေမှာ မနိုင်သေးဘူးလို့ ပြောလို့ရမှာပေါ့။ ကျွန်တော်လည်း ကျတယ်။ ဦးထွန်းအောင်ကျော် အထွေထွေအတွင်းရေးမှူးလည်း ဂွမှာ ကျပါတယ်။ အရှေ့ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း ဆိုပြီးတော့ ကျွန်တော်တို့ လူထုကို ဖြိုခွဲနေတာပေါ့ဗျာ။ အဲဒါကို ပေါင်းစည်းဖို့ ကျွန်တော် အဓိက ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပါတီမှာ ကျွန်တော့်ထက် ပိုပြီးစွမ်းဆောင်ရည်ရှိတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက ကျွန်တော် လက်ရှိတာဝန်ယူထားတဲ့ တာဝန်တွေကို ယူမယ်ဆိုရင်လည်း ကျွန်တော် လွှဲပေးဖို့ အဆင်သင့်ရှိတယ်။ မအောင်မြင်တာလည်း ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ညီညွတ်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒီအတွက် တာဝန်ကြီးကြီးမားမား ရှိတယ်။

Voice : မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာရော ဆရာ ဘယ်လို ရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

Dr.AM : မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာတော့ အသက်ရှိသမျှ ပါနေကြရဦးမှာပဲဗျာ။ ဘယ်ကဏ္ဍက ပါမလဲ ဆိုတာကတော့ ကိုယ်ပါခွင့်တို့၊ ပါရမယ့် အချိန်တို့၊ လူထုလက်ခံတဲ့ အနေအထားနဲ့ပဲ ဖြတ်သန်းရတဲ့ အခါကျတော့လေ။ ကျွန်တော်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို မသေခင် မြင်တွေ့သွားချင်တယ်။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းချင်တယ်။ လူများကြိုက်တဲ့ ပြည်ထောင်စုကြီးရဲ့ ဖွဲ့စည်းပုံတစ်ခု၊ တိုင်းရင်းသားများ မျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ကိုယ့်မျက်စိရှေ့မှာ မြင်ရရင် ကျေနပ်ပါပြီ။ ကိုယ်တိုင်လေး ဒီကဏ္ဍလေးကို တတ်စွမ်းသမျှ ဆောင်ရွက်မယ်လို့ မျှော်မှန်းခဲ့တာပေါ့လေ။ ဒါမျိုးအခွင့်အရေး ဆိုတာကလည်း ကံကြမ္မာတို့ ဘာတို့နဲ့ အကုန်လုံး ဆိုင်တာကိုဗျ။ ကြိုးစားခွင့် ရနိုင်သေးရင် ထပ်ကြိုးစားရတာပေါ့ဗျာ။ မရရင်လည်း ဘေးကနေ ပံ့ပိုးပေးရမှာပေါ့။ 

Voice : ဆရာ့ကို အားပေးကြတဲ့ ရခိုင်တိုင်းရင်းသားတွေက ဆရာရှုံးသွားတော့ ဝမ်းနည်းကြောင်း ပြောဆိုနေတာ တွေ့ရပါတယ်။ သူတို့ကိုရော ဘာတွေပြောချင်ပါသလဲ။

Dr.AM : စိတ်မကောင်းဖြစ်ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ သို့သော်လည်း စိတ်မကောင်းဖြစ်ရုံနဲ့ မပြီးပါဘူး။ ဆောင်ရွက်ရမယ့် ကဏ္ဍတွေ အများကြီးရှိပါတယ်။ ကျွန်တော်ရှုံးတဲ့အတွက် မဲဆန္ဒရှင်တွေမှာ အပြစ်မရှိပါဘူး။ အားလုံးတည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း လူထုနဲ့ ထိတွေ့မှု အင်မတန် အားနည်းခဲ့ပါတယ်။ ကျွန်တော်တို့ တင်ပြလိုတဲ့ သဘောထားနဲ့ သွားလိုတဲ့ လမ်းကြောင်းကို ရှင်းမပြနိုင်ခဲ့ဘူးလို့ သုံးသပ်ရမှာပေါ့။ ဒီမိုကရေစီ သဘောအရ လူထုရဲ့ အဆုံးအဖြတ်ကို လေးစားလိုက်နာဖို့ လိုပါတယ်။ ကျရှုံးခြင်းကိုလည်း လေးလေးစားစားနဲ့ လက်ခံပါတယ်။ အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ကျွန်တော်တို့ ရည်မှန်းချက်မျိုးနဲ့ ထပ်တူမကျရင်တောင်မှ ကိုယ့်ဒေသ ကိုယ်တို့ရဲ့ လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လည်း မည်သည့်နေရာကမဆို ပါသင့်တဲ့ နေရာတစ်ခုက ကိုယ့်ဒေသ ဖွံ့ဖြိုးမှုအတွက်၊ ကိုယ့်လူမျိုးတွေ ထာဝရ တည်တံ့ဖို့အတွက်၊ ပြည်တွင်းငြိမ်းချမ်းဖို့အတွက် စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်အောင်၊ တိုင်းရင်းသားအားလုံး မျှော်မှန်းတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် အချိန်အခါပေးရင် ပေးသလို ကူညီပံ့ပိုးချင်တဲ့ ဆန္ဒကတော့ ရှိပါတယ်။

Voice : ANP က မြောက်ပိုင်းမှာ နိုင်ပြီးတော့ တောင်ပိုင်းမှာ ရှုံးတာတွေရှိတော့ တောင်ပိုင်း၊ မြောက်ပိုင်းဆိုပြီး အငြင်းပွားတာတွေကို တွေ့နေရပါတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

Dr.AM : ကျွန်တော်တို့ သွားပြိုင်တာကိုက ဒီအစွဲတွေ ဖျောက်ချင်လို့ပါပဲ။ အကုန်လုံးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ရှိတယ်။ ဘယ်မှာပဲမွေးမွေး။ ပြည်မမှာပဲမွေးမွေး၊ ပြည်ပမှာပဲမွေးမွေး ရခိုင်ဆိုတာနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ တင်ပြကြတာကိုး။ ညီညီညွတ်ညွတ်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာ ရှိခဲ့တယ်ဆိုတာ ရှိသေးတာကို သဘောပေါက်ရမှာပေါ့။ တောင်ပိုင်း၊ မြောက်ပိုင်းတို့၊ စကားမတူတာတို့နဲ့ စကားနည်းနည်းကွဲတာနဲ့ ရခိုင်တွေရဲ့ ရှိသင့်ရှိထိုက်တဲ့ အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်မယ့် စည်းရုံးညီညွတ်မှုကို မပြိုကွဲစေချင်ဘူး။ စည်းစည်းရုံးရုံးနဲ့ ရှေ့ဆက်ပြီး အကုန်လက်တွဲ သွားရမှာပေါ့။ ကိုယ့်ရဲ့အစွဲတွေကို ရခိုင်တိုင်း ဖျောက်ဖို့လိုပါတယ်။ အခုလို မနိုင်ဘူးဆိုတာလည်း ဖြစ်တတ်ပါတယ်။ ဒါလေးတွေကို တဖြည်းဖြည်းနဲ့ သဘောပေါက်လာတာနဲ့အမျှ ပျောက်ပြယ်သွားကြမှာပါ။ ပြည်မနဲ့ ပြည်ပတွေကို ရောက်နေတဲ့သူတွေ အကုန်လုံးသိပါတယ်။ သံတွဲကပဲလာလာ၊ မာန်အောင်ကပဲလာလာ၊ ဘူးသီးတောင်ကပဲလာလာ ရခိုင်ဆိုတဲ့ ခံယူချက်နဲ့ပဲ ရပ်တည်ကြတာကိုး။ ရန်ကုန်ကိုရောက်တဲ့ ရခိုင်တွေကိုကြည့်ရင် သိသာပါတယ်။ အဲဒါတွေနဲ့ပဲ ပြန်ပြီး နွေးနွေးထွေးထွေး စည်းရုံးနိုင်ကြမယ် ဆိုရင်တော့ မျှော်မှန်းသလို အနာဂတ်တည်မြဲဖို့နဲ့ ရခိုင်တွေရဲ့ အနာဂတ် ဖွံ့ဖြိုးလာဖို့ ပိုပြီးအခွင့်အရေးရှိမယ် ထင်တယ်။

Voice : ဖြည့်စွက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

Dr.AM : ဝမ်းသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှုံးတယ် နိုင်တယ်လို့တော့ မဟုတ်ဘူးလေ။ ပြည်သူ့တာဝန်ကို ကျွန်တော် ထမ်းချင်ပါတယ်၊ ကျွန်မ ထမ်းချင်ပါတယ်လို့ လူထုဆီက တောင်းခံကြတာကိုး။ လူထုကလည်း သူ့စိတ်ကြိုက်၊ သူ့ကိုယ်စား လုပ်ပေးနိုင်တဲ့ သူတစ်ယောက်ကို ရွေးမှာပဲလေ။ ဒီမိုကရေစီမှာ လူထုရဲ့ ရွေးချယ်မှုကို လက်ခံမယ့် ပုဂ္ဂိုလ်တွေဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်ကတော့ နိုင်တဲ့သူကို ဂုဏ်ပြုပါတယ်။ သူနဲ့ ကျွန်တော် သိပ်မရင်းနှီးပါဘူး။ လူချင်းတောင် မတွေ့ဖူးပါဘူး။ နာမည်တောင်မှာ တစ်စွန်းတစ်စပဲ သိတယ်။ တကယ်တော့ ကျွန်တော်နဲ့ အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးလို့ ထင်ခဲ့တာဗျ။ ပြည်ခိုင်ဖြိုးပါတီ မဖြစ်ဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သွားတာကလည်း ကံကြမ္မာပါပဲ။

Voice : နိုင်သွားတဲ့ ပုဂ္ဂိုလ်ကိုရော ဘာပြောချင်ပါသလဲ။

Dr.AM : ဂုဏ်ယူပါတယ်လို့ပဲ ပြောပေးပါဗျာ။ ကိုယ့်ဒေသ အပါအဝင် တစ်နိုင်လုံးကို တည်ဆောက်တဲ့ ပုဂ္ဂိုလ်အချင်းချင်းပဲ အားလုံး လက်တွဲဆောင်ရွက်မှပဲ အာရှအလယ်မှာ ပြန်ပြီးဂုဏ်ယူနိုင်မှာပေါ့။ ဒီလိုပဲ ကျွန်တော်တို့ ဒေသလည်း ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Voice : ကျေးဇူးတင်ပါတယ်။

(အောင်မြင့်ထွန်း)